ရှက်လို့ အိမ်ပြန်ချင်သူ
=============
ညကတည်းက ငနဲသား ပျော်နေတာ မနက်လင်းတဲ့အထိ အိပ်မပျော်ခဲ့ဘူး။ ဒီရက်ပိုင်း အပျော်တွေဟာ ဆက်တိုက်ဆိုသလို ငနဲသားဆီ လာနေတော့တာပါ။ ငနဲသားက အတိုင်းအဆမရှိ ပျော်နေသလောက် ငနဲသားရဲ့ ဆရာကတော့ မှိုင်တွေနေတော့တာပါ။ အရက်တန်ခိုးနဲ့ အခိုးအငွေ့တွေပျံနေသလားတော့ မပြောတတ်ဘူးပေါ့။
"ဟေ့ကောင်... ဘယ်လိုတွေတောင် ပျော်နေတာလဲကွ၊ ဘယ်မလဲ ကော်ဖီ"
မိုးမလင်းသေးဘူး အကုသိုလ်သံတွေ စကြားရပြီလို့ ငနဲသား တွေးလိုက်မိတော့တယ်။ ပျော်နေတာလေးတောင် ဘယ်ရောက်သွားတယ်မသိဘူး။ ငနဲသားဟာ ပျော်ရွှင်နေတာနဲ့ ဆရာအဘိုးကြီးကို ကော်ဖီဖျော်တိုက်ဖို့ မေ့နေတယ်။ အဘိုးကြီး အော်တော့မှ ကမန်းကတမ်း ကော်ဖီပြေးဖျော်တော့တာ။
"ဟေ့ကောင် မင်းကို ကြည့်ရတာ ဒီရက်ပိုင်း တအားတွေ ပျော်နေသလိုပဲနော်၊ ဘာတွေများ ပျော်စရာရှိလဲကွ၊ ပြောစမ်းပါဦး"
အဘိုးကြီးက လေသံမာမာနဲ့ ပြောပေမယ့် ငနဲသားက အပြုံးမပျက်ပါဘူး။
"ဟာ ဘဘကလဲ၊ ခုဆိုရင် ဘဘမြင့်လဲ လွတ်လာပြီ၊ မေမေစုလဲ နေအိမ်ပြန်ရောက်ပြီ၊ ဒီထက်ပျော်စရာကောင်းတာ ဘာရှိဦးမလဲ၊ ပြီးတော့ ကျုပ်လဲ အိမ်ပြန်ခွင့်ရတော့မယ်လေ၊ ဘဘကော မပျော်ဘူးလား"
ငနဲသားက ကော်ဖီဖျော်ရင်း ဖြေလိုက်တော့ အဘိုးကြီးက ငနဲသားဆီ ခပ်သုတ်သုတ် လျှောက်လာပါတယ်။ ငနဲသား တအံ့တဩဖြစ်နေချိန်မှာပဲ အဘိုးကြီးက ငနဲသားရဲ့ခေါင်းကို ဒေါက်ခနဲ ခေါက်တယ်။
"ဘာလို့ပျော်ရမလဲကွ၊ အဲဒါ ငါတို့ ထမင်းငတ်ကိန်းဆိုတာ မင်း မသိဘူးလား၊ ငါတို့မှာ သူတို့ကို အကြောင်းပြပြီး အလှူခံ စားနေရတာ၊ အခု သူတို့လွတ်လာတော့ အလှူခံစားဖို့ ခေါင်းစဉ်ပျောက်သွားပြီ၊ အဲဒါကြောင့် ငါတို့တွေ စိတ်ညစ်နေရတာကို မင်းက ပျော်တောင်နေသေးတယ်၊ မင်းဆိုတဲ့ကောင် တော်တော်တုံးပါလားကွ... ဟေ"
အဘိုးကြီးက စိတ်ဆိုးမာန်ဆိုး ပြောဆိုပြီးနောက် ငနဲသား လက်ထဲက ကော်ဖီခွက်ကို ဆတ်ခနဲ လှမ်းယူတယ်။ အဘိုးကြီးက ဘာစိတ်ကူးပေါက်တယ်မသိဘူး၊ ခြေနှစ်လှမ်း လှမ်းပြီးတော့ တုန့်ခနဲ ရပ်တယ်။ ငနဲသားကို လှည့်ကြည့်တယ်။
"နေစမ်းပါဦး... မင်းက ဘာလို့ အိမ်ပြန်ချင်ရတာလဲ၊ ငါတို့နဲ့ နေရတာ မပျော်ဘူးလား"
ငနဲသားက အဘိုးကြီးကို တည့်တည့်ကြီး ကြည့်လိုက်တယ်။
"ကျုပ်ရည်ရွယ်ချက်က ဘဘမြင့်တို့ ပြန်လွတ်လာရင် အိမ်ပြန်မယ်လို့ ဆုံးဖြတ်ထားတာ၊ ပြီးတော့ ခင်ဗျားတို့နဲ့ နေရတာ ကျုပ် ရှက်တယ်၊ ခင်ဗျားတို့က အားအားရှိ အလှူပဲ ခံနေတော့ာတာ၊ ပြောရင်တော့ လေတစ်လုံး မိုးတစ်လုံးနဲ့၊ ပြီးရင်တော့ ပြည်သူတွေဆီက မသထာ ရေစာ တွေပဲ စားနေကြတယ်၊ ခင်ဗျားတို့မရှက်ပေမယ့် ကျုပ် ရှက်တယ်၊ အဲဒါကြောင့် ကျုပ် အိမ်ပြန်ချင်တာ"
"ဖီ"
ကော်ဖီကို ဟန်ပါပါ ဇိမ်ခံသောက်နေတဲ့ အဘိုးကြီးဟာ ငနဲသားကို ပြူးပြီးကြည့်နေရာကနေ ကော်ဖီတွေကို ထွေးထုတ်တယ်။
"မင်းကော်ဖီကလဲ ခါးလိုက်တာကွာ"
"ခါးမှာပေါ့ဗျ၊ ခင်ဗျား သကြားမှ ဝယ်မပေးတာ"
"ဝယ်မပေးတာမဟုတ်ဘူးဟ၊ ဝယ်စရာ ပိုက်ဆံမရှိတာ လခွမ်း"
အဘိုးကြီးဟာ သကြားမပါတဲ့ ကော်ဖီခါးခါးကြီးကို မျက်လုံးစုံမှတ်ပြီး သောက်နေပါတယ်။ ကြည့်ရတာ တော်တော်လေး ငတ်နေပုံပါပဲ။ ငနဲသားကတော့ ဒီအဘိုးကြီးတွေ သကြားဝယ်ဖို့ ကမ်ပိန်းတွေ ဘာတွေ လုပ်နေဦးမလားဆိုပြီး အတွေးနဲ့ ပြုံးလိုက်မိပါသေးတယ်။
https://t.me/kolupho26(၁-၅-၂၀၂၆)